Wednesday, January 27, 2016

1946ခုနှစ်၊ ဒီဇင်ဘာလ(18)ရက်နေ့၊ သံဖြူဇရပ်စစ်သင်္ချိုင်းဖွင့်ပွဲတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သော မိန့်ခွန်း


လွန်ခဲ့တဲ့ လေးနှစ်လောက်က ကျွန်ုပ်တို့နိုင်ငံမှာ စစ်ဘေးကြီး ကျရောက်ခဲ့ပါတယ်... အဲဒီစစ်ဘေးကြီးနဲ့ အတူဂျပန်စစ်ဝါဒီတို့ရဲ့ ဖက်ဆစ်စနစ်ဆိုးကြီးဟာလိုက်ပါလာခဲ့တယ်...

ဂျပန်စစ်ဝါဒီတို့ဟာ သူတို့ရဲ့ စက်ယန္တရားကြီးကို ဆက်လက်လည်ပတ်နိုင်ရေးအတွက် `ယိုးဒယား-မြန်မာ မီးရထားလမ်းကြီး´ကိုဖောက်လုပ်ခဲ့ပါတယ်... အဲဒီလမ်းမကြီးဖောက်လုပ်ရေးအတွက်ကျွန်ုပ်တို့လူမျိုးတွေ ဟာ ထောင်နဲ့သောင်းနဲ့ချီပြီ ချွေးတပ်အဆွဲခံခဲ့ရတယ်...

ဖော်မပြနိုင်လောက်အောင်ကြမ်းကြုတ်ရက်စက်မှုနည်းအမျိုးမျိုးနဲ့ ကျွန်ပြုညှင်းဆဲစေခိုင်းခဲ့တဲ့အတွက် `ယိုးဒယား-မြန်မာ မီးရထားလမ်းကြီး´ ဖောက်လုပ်ရာမှာချွေးတပ်အလုပ်သမားပေါင်း သုံးသောင်းကနေ ရှစ်သောင်းလောက်က ငတ်ပြတ်ဆင်းရဲပြီး အသေဆိုးနဲ့သေဆုံးခဲ့ကြရတယ်...

အဲဒီထောင်သောင်းနဲ့ချီပြီးကျဆုံးခဲ့ရတဲ့သူတွေရဲ့ ကျိန်ဆဲသံ ညီးတွားရေရွတ်သံများကိန်းဝပ်ခဲ့ရာ မြေပြင်ကို အခု ကျွန်ုပ်တို့ ခြေချနေခဲ့ရပါပြီ... ၀မ်းနည်းစရာအဖြစ်ဆိုးကြောင့်လည်း ဒီမြေတခွင်ဟာ ညစ်ညမ်း ခဲ့ရပါတယ်... ကျွန်ုပ်တို့ဟာ စာနာတဲ့အသိတရား၊ စူးစမ်းသိရှိလိုတဲ့စိတ်ထား အပြည့်အ၀နဲ့ ရောက်လာ ကြခြင်းပဲ ဖြစ်ပါတယ်... မကြုံစဖူးဖြစ်ခဲ့ရတာမို့ ..စိတ်မချမ်းမြေ့ နာကျည်းမှုတွေကိုလည်း ကျွန်ုပ်တို့ အပြည့်အ၀ခံစားကြရပါတယ်...

ကျွန်ုပ်တို့နိုင်ငံရဲ့ လူသားတွေကို ဂျပန်ဖက်ဆစ်လူရိုင်းများဟာ အလွန်အမင်း တရားလက်လွတ် ပြုခဲ့တဲ့အတွက် ကျွန်ုပ်တို့ဟာ ဒေါသမီး တဟုန်းဟုန်း တောက်လောင်ခဲ့ရပါတယ်... ဒါပေမယ့် ဆိုးယုတ်သူတွေဟာ သူတို့ရဲ့မိုက်ပြစ်ကို ပြန်ခံသွားရပြီမို့ ကျွန်ုပ်တို့အနေနဲ့ ပြန်ဖြေသိမ့်စရာ ရှိပါတယ်...

ပြည်သူပြည်သားတွေဟာ ညီညာဖျဖျနိုးကြားတက်ကြွခဲ့ကြပါတယ်..ဖက်ဆစ်တွေကိုလက်စားချေ တော်လှန် တိုက်ခိုက်ခဲ့ကြတယ်... ဒီအချက်ဟာ (မိမိစိုက်ပျိုးသလောက်ရိတ်သိမ်းရခြင်း) ဆိုတဲ့ သဘောလည်း ဖြစ်ခဲ့တယ်... အမြဲတမ်းအခိုင်အမာတည်တံ့နေတဲ့ လောကဓံတရားသဘောလည်း ဖြစ်တယ်...

လူတစ်ဦးတစ်ယောက်ဟာ အခြားလူတစ်ဦးတစ်ယောက်ကို နှိပ်စက်ကလူပြုတယ် သွေးစုတ် ခြယ်လှယ်တယ်။ တရားမျှတမှုကိုမျက်ကွယ်ပြုတယ်ဆိုရင် ဒါမှမဟုတ် နိုင်ငံတစ်နိုင်ငံက အခြားနိုင်ငံတစ်ခု အပါ် ဖိနှိပ်ခြင်း၊ တရားမျှတမှု အ၀၀ကို ချိုးဖောက်ခြင်းပြုမယ်ဆိုရင် ထိုလူ(သို့မဟုတ်) ထိုနိုင်ငံဟာ ထိုမတရားမှုအတွက် အပြစ်ဒဏ်ခတ်မှုကို မုချမလွဲခံရစမြဲဖြစ်ပါတယ်...

ဒီလိုလူတစ်ဦးက တစ်ဦးအပေါ်မှာဖြစ်စေ၊ နိုင်ငံတစ်ခုက တစ်ခုပေါ်မှာဖြစ်စေဖိနှိပ်ခြယ်လှယ်မှုတွေ ခေါင်းပုံဖြတ်မှုတွေ ပြုလုပ်ခဲ့ကြလို့လည်း ဒီကမ္ဘာကြီးမှာ ဒုက္ခတွေ ပင်လယ်ဝေခဲ့တာအကြိမ်ကြိမ်ရှိခဲ့ပါပြီ... တရားမဲ့ခြင်း၊ ဖိနှိပ်ခြယ်လှယ်ခြင်း၊ ခေါင်းပုံဖြတ်ခြင်းတို့ဆက်လက်တည်ရှိနေသရွေ့ တုံ့ပြန် လက်စားချေမှုဟာ ကမ္ဘာပေါ်မှာ မကြာခဏပေါ်ပေါက်နေဦးမှာပဲ... ဒီအချက်ဟာဆိုရင်ကမ္ဘာ့ရေးရာ အဖြစ်အပျက်များထဲက ပေါ်ပေါက်လာတဲ့ လောကပါလတရားလို့ ကျွန်ုပ်အနေနဲ့မှတ်သားခံယူပါတယ်...

ယနေ့ဆိုရင် ကျွန်ုပ်တို့ဟာ ကျေးကျွန်ပမာ အခိုင်းအစေခံရင်း သေဆုံးခဲ့ကြတဲ့ မဟာမိတ်တပ်သားများနဲ့ ကျွန်ုပ်တို့နိုင်ငံသားထောင်ပေါင်းများစွာတို့ကို အမှတ်ရတဲ့အနေနဲ့ ဒီနေရာကိုလာရောက်ခဲ့ကြပါတယ်... နောင်ကို ဒီလိုအဖြစ်မျိုး၊ ဒီလိုချွေးတပ်ဆွဲခံရတာမျိုး၊ ဒီကမ္ဘာကြီးမှာ မတွေ့ကြရစေဖို့ ကျွန်ုပ်တို့အားလုံး သဘောပေါက်ထားရပါ့မယ်...

လူကိုလူက ကျွန်ပြုမှု၊ ခေါင်းပုံဖြတ်မှုတို့ ဘယ်လိုပုံစံမျိုးနဲ့မှ ကမ္ဘာပေါ်မှာနောက်ထပ်ပေါ်မလာပါစေနဲ့လို့ ကျွန်ုပ်တို့အားလုံးဆန္ဒပြုကြဖို့လိုပါတယ်... ကျွန်ုပ်တို့ဟာ ကွယ်လွန်သူများရဲ့မြင့်မြတ်သော ၀ိဥာဉ်များနဲ့  တွေ့ဆုံခိုက် သူတို့အတွက် ဆုမွန်ကောင်းများ တောင်းရုံသာမဟုတ်ဘဲ ကမ္ဘာသူ ကမ္ဘာသားအားလုံး အနှောင်အဖွဲ့အချုပ်အခြယ်များမှ အမြန်ဆုံးလွတ်မြောက်ကြပါစေလို့ ဆုတောင်းသင့်ပါတယ်...

ဒီလိုဆုတောင်းရင်း တချိန်တည်းမှာပဲ လူလူချင်းဖိနှိပ်မှု၊ သွေးစုတ်ခြယ်လှယ်မှု၊ လူမဆန်မှုစတဲ့အဖြစ်မျိုးကို တည်မြဲစေမယ့် ဖက်ဆစ်စနစ်ဆိုးဟာ မည်သို့သော အသွင်မျိုးနဲ့ဘဲ ရှိသည်ဖြစ်စေ၊ ကမ္ဘာ့မြေပြင်ပေါ်က အမြစ်ပါမကျန် ပျောက်ပျက်သွားအောင် တော်လှန်တိုက်ဖျက်သွားကြဖို့ အလေးအနက် အဓိဋ္ဌာန် ပြုကြပါစို့....

ဗိုလ်ချုပ်အောင်ဆန်း သံဖြူဇရပ် သို့ ရောက်ရှိလာခဲ့စဉ်


Tuesday, January 26, 2016

သေမင်းတမန်ရထားလမ်းပေါ်မှ ဒုက္ခဘ၀များ


ဒီဇင်ဘာလ ၁၇ ရက် ၁၉၄၅ သံဖြုဇရပ်မြို့ အနီး သေမင်းတမန် ရထားလမ်း ဖောက်လုပ်ရာ တွင် အဓမ္မ နှိပ်စက်ညှင်းပန်း ၍ လုပ်အားပေးခိုင်းစေခြင်းခံခဲ့ရသော အလုပ်သမားများအား အင်္ဂလိပ်တပ်များမှ ဖက်ဆစ်ဂျပန်တို့လက်မှ နေ၍ ပြန်လည်ကယ်တင်ပြီးနောက် ထမင်းကျွေးနေသောပုံဖြစ်သည်။      

   ပုံတွင် မြင်ရသည့်မြင်ကွင်းမှာ ဂျပန်တို့ လက်အောက်ရှိ ပုံမှန် လုပ်ငန်းခွင် ထက်အများကြီး သာလွန်ကောင်းမွန်နေသေး၏။ ဂျပန်တို့လက်အောက်ရှိပုံမှန် ထမင်းစားချိန်၌မူကား မြေကြီးပေါ်တွင် ခင်းထားသာ မိုးရေကာဖျင် တာလပတ်စပေါ်၌ စုပုံထားသော ထမင်းသိုးများအား လောက်တက်နေသော စိမ်းစား ငပိ အနည်းငယ် နှင့် ခွေးများ စားသလို စုပြုံတိုးဝှေ့စားခဲ့ကြရသည်။ထို့ကြောင့် ဝမ်းရာဂါ နှင့် အရေပြား ရောဂါ တို့ကြောင့်သေဆုံးရသော အလုပ်သမားများသည် ဂျပန်တို့ နှိပ်စက်၍သေဆုံးရသော အရေအတွက်ထက်ပိုမို များပြားကာ "ဇလီဖာတုံးတတုံး လူ့အသက်တချောင်း"ဟုပင် ခေါ်ဆိုခဲ့ရသည်။ 

သေမင်းတမန်ရထားလမ်း
၁၉၄၂ ခုနှစ် နိုဝင်ဘာလ မှ စတင်၍ ဂျပန် တပ်မတော် က ဖောက်လုပ်ခဲ့သော ယိုးဒယား − မြန်မာ မီးရထားလမ်း ကြီးသည် လူသားများ စွာ အသက် စတေး ခဲ့ရသည့် အတွက် သေမင်းတမန် ရထား လမ်း အဖြစ် ထင်ရှားခဲ့သည်။ မီးရထားလမ်း ဖောက်လုပ်ရာတွင် မြန်မာ တိုင်းရင်းသား ၈၀ဝ၀ဝ ကျော်၊ မဟာမိတ် တပ်သား ၁၀ဝ၀ဝ ကျော် တို့ အသက် ဆုံးရှုံး ခဲ့ကြသည်။ ရထားလမ်း ဖောက်လုပ် ပြီးစီး သည့် အထိမ်းအမှတ်ပွဲကို ၂၅ အောက်တိုဘာ ၁၉၄၃ တွင် ကျင်းပခဲ့သည်။

သံဖြူဇရပ် မှ ဘန်ပေါင်သို့
သေမင်းတမန် ရထားလမ်း သည် မြန်မာပြည် ဘက်ခြမ်း တွင် သံဖြူဇရပ်မြို့မှ စတင်ခဲ့သည်။ ဘုရားသုံးဆူ တောင်ကြား ကိုဖြတ်လျက် ယိုးဒယားနိုင်ငံ ဘန်ပေါင်(Ban Pong) မြို့သို့ ဖောက်လုပ် ခဲ့သည်။ ဘန်ပေါင် ရှိ ဘန်ကောက် - စင်္ကာပူ မီးရထားလမ်း နှင့် ဆက်သွယ် ရန် ဖြစ်သည်။ မိုင် ၂၅၀ ကျော် ရှည်လျားပြီး လမ်းခုလပ် ကွေးမြစ်ပေါ် ၌ တံတား တစ်စင်း ကိုလည်း တည်ဆောက်ခဲ့သည်။ တံတား ဆောက်လုပ်ရာ တွင် မြန်မာ တိုင်းရင်းသားများ သာမက စစ်သုံ့ပန်း အဖြစ် ဖမ်းဆီးထားသော မဟာမိတ်တပ်သား အများအပြား လည်း ပါဝင်ခဲ့သည်။

တည်ဆောက်ရေး ပစ္စည်းများ
ဗြိတိသျှ တို့ မြန်မာနိုင်ငံမှ ဆုတ်ခွာသွားသည့် ၁၉၄၀-၄၁ ခုနှစ်တွင် သံလမ်းမိုင် စုစုပေါင်း (၂၈၅၂) မိုင် ရှိသည့် အနက် ဂျပန် တို့က သံလမ်းမိုင် (၃၀ဝ) ခန့် ကို ဖြုတ်ယူ၍ မြန်မာ-ယိုးဒယား မီးရထားလမ်း ဖောက်လုပ်ရာတွင် အသုံးပြုခဲ့ပါသည်။ သံလမ်း မိုင် (၁၅၀)မိုင်ခန့် ကို ရန်ကုန် နှင့် တောင်ငူ အကြား ဒွေးလမ်း မှ လည်းကောင်း၊ ကျန်သံလမ်း (၁၅၀)မိုင်ခန့်ကို တံတားဦး -မြင်းခြံလမ်းပိုင်းနှင့် အခြားလမ်း ပိုင်းများမှ လည်းကောင်း ဖြုတ်ယူ အသုံးပြုခဲ့သည်။

ရည်ရွယ်ချက်များ
ယိုးဒယား မြန်မာ မီးရထားလမ်း ဖောက်လုပ်ရေး အတွက် အဓိက ရည်ရွယ်ချက်(၄)ရပ်ရှိပါသည်။ ယင်းတို့မှာလက်ရှိ တိုက်ခိုက်နေသော မဟာအာရှ စစ်ပွဲကြီး တွင် ဂျပန် တို့ အောင်နိုင်ရေး အတွက် အထူး အရေးကြီးသော လက်နက် ခဲယမ်းမီး ကျောက်များ ကို အမြန်ဆုံး သယ်ယူ ပို့ဆောင်နိုင်ရေး၊မြန်မာ့ ထွက်ကုန် ဝင်ကုန်များကို အမြန်ဆုံး သယ်ယူ ပို့ဆောင် ရောင်းဝယ်နိုင်ရေး၊    မြန်မာနိုင်ငံ နှင့် အခြားနိုင်ငံများ လွယ်ကူစွာ မဟာမိတ်ချစ်ကြည်မှု ပြုလုပ်နိုင်ရေး၊စစ်ဒဏ်ကြောင့် မြန်မာလူမျိုးများ ဆင်းရဲ ကျပ်တည်းလျက် ရှိရာ မီးရထားလမ်း ဖောက် လုပ် ပြီးစီးပါက မြန်မာပြည် ချမ်းသာ လာစေရေး တို့ ဖြစ်ကြသည်။

ယင်း ရည်ရွယ်ချက်များ အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် ဝန်ကြီးချုပ် ၏ အတွင်းဝန် ဦးဘစော ဥက္ကဋ္ဌ အဖြစ် ပါဝင်သော ယိုးဒယား မြန်မာ မီးရထား လမ်း ဖောက်လုပ်ရေး အ တွက် အလုပ်သမား စုဆောင်း စောင့်ရှောက်ရေး အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

အလုပ်သမားစုဆောင်းရေး
ရထားလမ်း ဖောက်လုပ်ရေး အတွက် လိုအပ်သည့် အလုပ်သမားများ ကို ရထားလမ်း ဖောက်လုပ်ရေး အဖွဲ့က တိုက်ရိုက်ခေါ်ယူ ငှါးရမ်းခဲ့ ၏။ ရှေးဦးစွာ အနီးဝန်းကျင် ဒေသများ ၌ ရှာဖွေ စုဆောင်း ခဲ့သော် လည်း မလုံလောက်သဖြင့် ၁၉၄၂ ခု ဒီဇင်ဘာ လ လယ်ခန့် တွင် ယာယီ မြန်မာ အစိုးရ အုပ်ချုပ်ရေး ရုံးသို့ အကူအညီ တောင်းခံ ရတော့သည်။ သို့ဖြင့် မြန်မာအစိုးရ ပြန်ကြားရေး ဝန်ရုံး မှ ၁၈ ဒီဇင်ဘာ ၁၉၄၂ တွင် ယိုးဒယား မြန်မာ မီးရထားလမ်း ဖောက်လုပ်ရန် ချွေးနှင့် ရင်းရသည့် အလုပ်သမား တပ် ကြီးတည်ထောင် မည် ဖြစ်ကြောင်းကြေညာခဲ့သည်။ ယင်း ကြေညာချက် တွင် အလုပ်သမား အင်အား ၂၀ဝ၀ဝ ခန့် လိုအပ်မည် ဖြစ်ကြောင်း၊ အလုပ်သမားများ ရရှိမည့် လစာ၊ နေအိမ်၊ ဆေးဝါး စသည့် အခွင့်အရေးများ ကို ဖော်ပြထားပြီး အလုပ်သမားတပ်သို့ ဝင်ရောက်ကြရန် နှိုးဆော် ထားပါသည်။

အခက်အခဲများ
အလုပ်သမား စုဆောင်းရာ ၌ တောင်ငူ၊ အင်းစိန်၊ ဟင်္သာတ၊ ပုသိမ်၊ ထားဝယ်၊ မြိတ်၊ မော်လမြိုင်၊ သထုံ၊ ပဲခူးနယ်များမှ စုဆောင်းခဲ့ကြရာ ၁၉၄၃ ခု ဖေဖော်ဝါရီလ အထိ ၁၃၉၅၀ ဦး သာ စုဆောင်းနိုင်ခဲ့ သည်။ သို့ဖြစ်၍ လျာထားချက်၏ တစ်ဝက်မျှ သာ ရရှိခဲ့ပါသည်။ စုဆောင်း ရရှိထားသူများ ထဲမှလမ်းခု လပ် တွင် ထွက်ပြေး သွားကြသူများ မှာလည်း မနည်းလှပေ။ အလုပ်သမား ရရှိရန် ခက်ခဲသော် လည်း လမ်းဖောက်လုပ်ရေး ကိစ္စမှာ အချိန်မီ ဆောင်ရွက်ရမည့် လုပ်ငန်း ဖြစ်နေသည်။ သို့ဖြင့် အမှတ် ၁၅ ဂျပန်တပ်မတော်က နည်းလမ်း ရှာ ဖွေရတော့သည်။

လုပ်အားပေးအဖွဲ့ဖွဲ့စည်းရေး
ဂျပန် တပ်မတော် သည် ယခင် အလုပ်သမား စုဆောင်းရေး နည်းလမ်း ကို ဖျက်သိမ်းကာ ယိုးဒယား မြန်မာ မီးရထား လမ်း ဖောက် လုပ်ရေး တပ်ဖွဲ့ဝင် များ၊ စစ်အုပ်ချုပ်ရေး ဦးစီးဌာန နှင့် အုပ်ချုပ်ရေးရုံး တို့ မှ သက်ဆိုင်ရာ အရာရှိများ ကို ဖိတ်ခေါ်ကာ ၁ မတ် ၁၉၄၃ တွင် လုပ်အားပေး အဖွဲ့ ဖွဲ့စည်းရေး ကို ဆွေးနွေ ခဲ့ကြသည်။ ထို့နောက် မတ်လ(၂)ရက်နေ့ တွင် ဂျပန် အမှတ် ၁၅ တပ်မတော် ၏တစ်ချက် လွှတ် အမိန့်ဖြင့် ယိုးဒယား မြန်မာ ဆက်သွယ်ရေး မီးရထားလမ်း ဖောက် လုပ်ရေး အတွက် လုပ်အား ပေး အဖွဲ့များ ဖွဲ့စည်းရေး နှင့် ပို့ဆောင်ရေး အစီအစဉ် ကို ချမှတ်လိုက်ပါသည်။

ချွေးတပ်
၉ မတ် ၁၉၄၃ တွင် ဂျပန် စစ်အုပ်ချုပ်ရေး ဌာန၏ သဘောတူညီချက် ဖြင့် ယိုးဒယား မြန်မာ မီးရထား လမ်း ဖောက်လုပ်ရေး အတွက် လိုအပ်မည့် မြန်မာ အလုပ်သမား ၃၀ဝ၀ဝကျော် ကို စတင် စုဆောင်း ပါသည်။ ဗမာ့ကာကွယ်ရေး တပ်မတော် သည် သွေးတပ်(Blood Army) ဖြစ်သဖြင့် မီးရထားလမ်း အလုပ်သမား တပ်ကြီးကို ချွေးတပ်(Sweat Army) ဟု ခေါ် ဆိုကြသည်။ နောက်ပိုင်း တွင် ဗမာ့ လက်ရုံး တပ်မတော် ဟု ပြောင်းလဲ ခေါ်ဆိုခဲ့၏။
နယ်မြေအလိုက်ချွေးတပ် အလုပ်သမားများ စုဆောင်းရေး ကော်မတီ ဥက္ကဋ္ဌ ဖြစ်သော လမ်းပန်းဆက်သွယ်ရေး နှင့် ဆည်မြောင်းဌာန ဝန်ကြီး က ခရိုင် အသီးသီး မှ အရေးပိုင် (ခရိုင်ဝန်) များကို စုဆောင်းရေး အရာရှိ အဖြစ် ခန့်အပ်ပြီး နယ်ပိုင်၊ မြို့ပိုင်၊ သူကြီး တို့မှ တစ်ဆင့် စုဆောင်းခဲ့သည်။ တို့ဗမာ ဆင်းရဲသား အစည်းအရုံး ကိုလည်း ပူးပေါင်း ဆောင်ရွက် စေခဲ့သည်။လုပ်အားပေး အလုပ်သမား တစ်ဦးလျှင် ရှာ ဖွေ စုဆောင်းစရိတ် ၁၇ ကျပ်နှုန်းဖြင့် စရိတ် ကျပ် နှစ်သိန်း တစ်သောင်းကို စစ်အုပ်ချုပ်ရေး ဦးစီး ဌာန က ခရိုင်များ သို့ပေးခဲ့သည်။ ချွေးတပ် အလုပ်သမား တို့၏လစာငွေ ကိုမူ တစ်လ ၃၀ ကျပ် သတ်မှတ် ပါသည်။ သို့သော် လေကြောင်းဗုံး ဒဏ်ကြား မှ စုဆောင်း ရသဖြင့် ထင်သလောက် ခရီးမရောက်ခဲ့ပေ။

စုဆောင်းရရှိသူများ
အလုပ်သမား နည်းပါးမှုကြား မှ ကာလတို အတွင်း အလုပ်သမား ၃၂၂၀၄ ဦး စုဆောင်း ရရှိခဲ့ရာ ပထမသုတ် အဖြစ် စတင် ပို့လိုက်သည်။ သို့သော် ထွက်ပြေးသူများ ကြောင့် တစ်စတစ်စ လျော့ပါး လာခဲ့ရာ မေလ ၆ ရက်နေ့တွင် မြန်မာ အစိုးရ ဝန်ကြီးချုပ် က အမှတ် ၁၅ ဂျပန် တပ်မတော် စစ် အုပ်ချုပ်ရေး ဦးစီးဌာန နှင့် ညှိနှိုင်းကာ အလုပ်သမား ၂၁၀ဝ၀ ကျော် ထပ်မံခေါ်ယူရန် ပြင်ဆင်ရပြန် ပါသည်။ ပထမအကြိမ် စုဆောင်းစဉ် က ခရိုင် ကိုးခု သတ်မှတ် ရှာဖွေ စုဆောင်းခဲ့ရာ ဒုတိယအကြိမ် အတွက် ကျောက်ဆည်၊ မအူပင်၊ မင်းဘူး၊ ပခုက္ကူ၊ သရက် ငါးခရိုင် ကို ထပ်မံတိုးချဲ့ ရှာဖွေ စုဆောင်း ခဲ့သည်။ စုဆောင်းရေး အရာရှိ ဦးရေကိုလည်း ယခင်က အလုပ်သမား တစ်ထောင်အတွက် တစ်ဦး ကျထားရှိရာမှ ဒုတိယအကြိမ် စုဆောင်းစဉ် တစ်ရာလျှင် တစ်ဦးနှုန်း ပြောင်းလဲ ထားရှိခဲ့သည်။ သို့ဖြင့် ၁၇၆၁၅ ဦး ထပ်မံ စုဆောင်း နိုင်ခဲ့လေသည်။

တတိယ အကြိမ်
မိုးတွင်းကာလ မီးရထားလမ်း ဖောက်လုပ်ရာတွင် ငှက်ဖျားရောဂါ၊ ဝမ်းရောဂါ ဖြစ်ပွားမှုများကြောင့် တစ်ဦးချင်း ဖြစ်စေ၊ အဖွဲ့ လိုက်ဖြစ်စေ ထွက်ပြေးမှုများ ရှိနေရာ အမှတ် ၁၅ဂျပန်တပ်မတော် မှ တောင်း ဆို ၍ ၁၉၄၃ ခု ဇူလိုင်လ တွင် အလုပ်သမား ၂၀ဝ၀ဝ ထပ်မံ စုဆောင်း ပေး ရပြန် ပါသည်။ ဤတစ် ကြိမ်တွင် ရွှေဘို၊ ကသာ နှင့် မုံရွာ ခရိုင်များ ကို ဦးတည် စုဆောင်း၏။ တတိယ အကြိမ် စုဆောင်း ရာတွင် အလုပ် သမား အင်အား ၂၁၀၆၉ ဦး ထပ်မံ စုဆောင်း ရရှိခဲ့သည်။

ဟေးဟိုးတပ်
ဟေးဟိုးတပ် (Heiho) ခေါ် မျိုးချစ် တက်လူငယ်များ အဖွဲ့ ကို မြန်မာနိုင်ငံ ဂျပန်တပ်မတော် ဌာနချုပ် ၌ ဖွဲ့စည်း ထား ရှိပါသည်။ ၂၀ ဧပြီ ၁၉၄၃ တွင် ဟေးဟိုးတပ် သို့ မျိုးချစ်လူငယ်များ ဝင်ရောက်ကြရန် မြန်မာ့အလင်းသတင်းစာမှ ဖော်ပြခဲ့သည်။ ယင်းတပ်မှာ အရံတပ်ဖွဲ့ တစ်ခု ဖြစ်ပြီးချွေးတပ်သား အလုပ် သမား များ စုဆောင်းရာ ၌ အဓိက နေရာမှ ပါဝင်ခဲ့သည်။

စစ်သင်္ချိုင်း နှင့် ပြတိုက်
သံဖြူဇရပ်မြို့အနီးတွင် သေမင်းတမန် မီးရထားလမ်း ဖောက်လုပ်ခဲ့ခြင်း အထိမ်းအမှတ် အဖြစ် ပြ တိုက် နှင့် မဟာမိတ် စစ်သင်္ချိုင်းတို့ တည်ရှိပါသည်။ စစ်သင်္ချိုင်းမှာ ဒုတိယကမ္ဘာစစ် အတွင်းက ကျဆုံးခဲ့သည့်အင်္ဂလိပ်၊ ကနေဒါ၊သြစတြေးလျ၊ နယူးဇီလန်၊ အိန္ဒိယ၊ မြန်မာ၊ မလေးရှား၊ နယ်သာလန် စသည့် နိုင်ငံများ မှ စစ်သည် ၃၆၁၇ ဦးအတွက် အရိုးပြာများ ကို မြူပ်နှံထားခြင်းဖြစ် သည်။ ယင်း စစ်သင်္ချိုင်း ကို ၁၈ဒီဇင်ဘာ ၁၉၄၆ က ဗိုလ်ချုပ်အောင်ဆန်း နှင့် ဘုရင်ခံဆာဟူးဘတ်ရန့် တို့လာ ရောက် ဖွင့်လှစ် ပေးခဲ့သည်။

ဝတ္ထု ရုပ်ရှင်
စာရေးဆရာကြီး မောင်ထင် ၏ ငဘဝတ္ထုသည် ယိုးဒယား မြန်မာ မီးရထားလမ်း ဖောက်လုပ်ရေး အတွက် ချွေးတပ် နှင့် အတူပါ သွားသူ တောင်သူ လယ်သမား တစ်ဦး၏ ဘဝကို သရုပ်ဖော် ထား သော ဝတ္ထုဇာတ်လမ်း ဖြစ်ပါသည်။ ဤဇာတ်လမ်းကိုပင် တစ်ခေတ်တစ်ခါက ပြည်သူ့အသဲစွဲ မင်းသား ရွှေဘက ငဘ အဖြစ် သရုပ်ဆောင် ရိုက်ကူးခဲ့သည်။ နာမည်ကျော် A Bridge on the River Kwei ရုပ်ရှင် ဇာတ်ကား မှာ ဒုတိယ ကမ္ဘာစစ် အတွင်း သေမင်းတမန် မီးရထားလမ်း ရှိ ကွေးမြစ်တံတား ပေါ် မှ ဇာတ်လမ်း တစ်ပုဒ်ကို အခြေခံ ရိုက်ကူး ထားခြင်း ဖြစ်သည်။ ထို့အပြင် 2014 ခုနှစ်အတွင်း The Railway Man အမည်ဖြင့် သေမင်းတမန်ရထားလမ်းဖောက်လုပ်သည့်ဇာတ်လမ်းတစ်ပုဒ်ကို ရိုက်ကူးထားသည်။

ကိုးကား
----------
ဂျပန်စစ် အုပ်ချုပ်ရေးခေတ် မြန်မာနိုင်ငံ (မစ္စတာအိုးနိုတိုးရု)
ဂျပန်ခေတ်ရက်စွဲသမိုင်း (လက်နှိပ်စက်မူ)
ငွေသောင်ယံစက်စဲ၊ ကျိုက္ခမီ ရေလယ်ဘုရား၊ သေမင်းတမန်လမ်းမကြီးနှင့် သံဖြူဇရပ်(မောင်မိုးစည်)၊ 
ရနံ့သစ်မဂ္ဂဇင်း၊ အမှတ်(၇၈)
Weekly Eleven ပါ တင်နိုင်တိုး ၏ မြန်မာ့နိုင်ငံရေးသမိုင်းလေ့လာချက် 
ဂျပန်ခေတ် ယိုးဒယား မြန်မာ ဆက်သွယ်ရေးလမ်းကြောင်း (သို့မဟုတ်) သေမင်းတမန် မီးရထားလမ်း






သံဖြူဇရပ်ဒဏ္ဍာရီထဲက ရတနာသိုက်


မိန်မလာတောင် ဆိုတာ မွန်ပြည်နယ် သံဖြူဇရပ် - ရေးကားလမ်း ရဲ့သံဖြူဇရပ် ကနေ 
ရေးဘက် အထွက်ကားလမ်း ညာခြမ်းမှာ ရှိတယ်။


မိန်မလာတောင်နဲ့ပတ်သက်ပြီးတော့ ဒဏ္ဍာရီဆန်ဆန်ပုံပြင်တွေခဏခဏ ကြားရတယ်။ 

ဂျပန်တွေ စစ်ရှုံးကာနီးတစ်နှစ်လောက်ကတည်းက မိန်မလာတောင် အောက်ခြေထဲကို 
ရတနာ အပြည့်တင်ဆောင်လာတဲ့ကုန်ကားတွေနဲ့ရတနာတွေဖွက်ခဲ့တယ်လို့ပြောကြတယ်။ 
ကမ္ဘာကလည်းဂျပန်တွေ ရတနာဖွက်ခဲ့မယ်လို့သံသယရှိတယ်။ ဂျပန်ငွေလှိမ့်စက်တွေနဲ့

မြန်မာပြည်ကရတနာတွေကို ၀ယ်ယူခဲ့ပြီး စစ်ရှုံးမယ်သိရတဲ့အချိန်မှာ ဂျပန်ပြည်ကို
ပြန်ရောက်အောင်မသယ်နိုင်ဘူးလို့တွက်ဆပြီးမြုပ်ခဲ့ဖွက်ခဲ့တယ်လို့ယူဆသူလဲရှိတယ်။

ညဘက်ဆို ကလေးငိုသံ ဘာသံညာသံကြားတယ်လို့ဆိုသူကလဲမရှားဘူး။ 
ဘာဘဲပြောပြောစိတ်ဝင်စားစရာကောင်းတာတော့တောင်ပေါ်တက်ကြည့်ရင်သိနိုင်လိမ့်မယ်ထင်တယ်။ 
ကုဋေပေါင်း တစ်ထောင်တန်တဲ့ မိန်မလာတောင်လို့ ဆိုကြတယ်။

သဖြူဇရပ်မြို့ခံတစ်ဦးက သူ့အဘိုးပြောပြခဲ့တယ်လို့ဆိုတဲ့ဇာတ်လမ်းကိုအခုလိုပြောပြတယ်။ 
ကလေးဘ၀ ဈေးရောင်းခဲ့ရတာကို ပြန်ပြောတာပါ။စစ်ပြီးဘို့တစ်နှစ်လောက်အလိုလောက်ကနေ 
မိန်မလာတောင်ခြေအောက်ကို ကုန်အပြည့်ပါတဲ့ ကုန်ကားကြီးတွေ တစ်နေ့အစီးနှစ်ဆယ်လောက်
ဝင်တယ်။ ကုန်သေတ္တာအပြည့်ပါတယ်။ 

ချွေးတပ်သားတွေကသယ်မချပြီး တောင်အောက်ဂူ ထဲထမ်းသွင်းပေးရတယ်။ စစ်ပြီးဘို့ခြောက်လ 
အလိုလောက်မှာ ချွေးတပ်သားအယောက်နှစ်ထောင်လောက်ဟာ နေ့ခင်းဘိလပ်မြေဖျော်တဲ့
အလုပ်တစ်ခုဘဲ လုပ်ပေးရတယ်။ ဘယ်မှာသုံးတယ်ဆိုတာမသိဘူး။ ဖျော်တဲ့အလုပ်တစ်ခုတည်းကိုသာ 
ခိုင်းတယ်လို့ဆိုတယ်။ 

ဂျပန်တွေ စစ်ဆုတ်မဲ့နေ့မှာ ဈေးသွားရောင်းတဲ့ကလေး
တွေကို ဂျပန်စစ်ဗိုလ်တစ်ဦးက မောင်းထုတ်ပြီး ရွာအတင်းပြန်ခိုင်းတယ်။ ဘယ်ကလေးတစ်ဦးမှ 
ဈေးရောင်းခွင့်မရှိဘူးလို့ ပြောလဲပြော မောင်းလဲမောင်းတယ်။ ဒါနဲ့ရွာရှိရာ ပြန်တာ လမ်းတစ်ဝက်လောက်မှာ
ပေါက်ကွဲသံကြီးက မြေကြီးခါအောင် ပြင်းထန်သတဲ့။ ဒါနဲ့မိန်မလာတောင်ဘက် ပြေးကြည့်တော့ 
လူတစ်ဦးမှ မတွေ့ရတော့ဘူး။ ချွေးတပ်သားလဲမတွေ့ဘူးဂျပန်တွေကိုလည်းမတွေ့တော့ဘူး။
အထူးဆန်းဆုံးကတော့ မိန်မလာတောင်ပုံစံပြောင်းနေပြီး ဂူပေါက် ၀င်ပေါက်တွေ မရှိတော့ဘူးလို့ဆိုတယ်။
ကားဝင်လမ်းလုံးဝ ပျောက်သွားတယ်လို့ဆိုတယ်။

စဉ်းစားမိတာ က စစ်သုံ့ပန်းချွေးတပ်သားတွေ ဘယ်ရောက်သွားသလဲ။ဂျပန်တွေ  ဘယ်ရောက်သွားသလဲ
ဆိုတာ ဂျပန်တွေဘဲသိလောက်မယ်ထင်တယ်။ မိန်မလာတောင်လဲ ပါးစပ်ရာဇ၀င်တွေ နဲ့ကျန်ခဲ့တယ်။

မိန်မလာတောင်ပေါ်တက်ကြည့်ရင်တော့စိတ်ဝင်စားစရာအတော်ကောင်းတဲ့ ဂူပေါက်တွေ တွေ့ရတယ်။ 
မိန်မလာတောင် ကို ဂျပန်တွေစစ်စခန်းဠာနချုပ်လုပ်ခဲ့တယ်လို့ထင်ရတဲ့အထောက်ထားတွေ
အများကြီးတော့ တွေ့ရတယ်။ လျိုလမ်းပြေးလမ်းတွေ တောင်အပြည့်ဖေါက်ခဲ့တယ်။ 
အချို့ပြေးလမ်းတွေ စတုရန်းဆန်ဆန် တွေ့ရတာလဲရှိတယ်။ ဖြစ်နိုင်တာက အင်္ဂလိပ်ဗုံးကြဲလေယဉ်တွေကို 
ပစ်ဘို့လုပ်ခဲ့တာနဲ့တူတယ်။

သဘာဝမြေသား ကျောက်သားဂူပေါက်ဝ တွေ တွေ့သလို အတုလုပ်ထားတဲ့ ကွန်ကရစ်ဆန်ဆန်
 ဂူပေါက်တွေလဲ တွေ့ရတယ်။ အချို့ဂူပေါက်တွေကို ကျောက်တောင်နံရံတွေ မှာ တွေ့ပြီး 
အချို့ကိုတော့ ရေတွင်းသဏ္ဍန်ဂူပေါက်တွေလဲတွေ့ရတယ်။ 

ဒေသခံတွေ ရော်ဘာစိုက်လို့ပျက်သလောက်ပျက်သွားတဲ့ပြေးလမ်းတွေလဲတွေ့ရတယ်။ တောင်ပေါ်မှာ 
တူးရင်းဆွရင်းရွှေစငွေစ ရသူလဲ ရှိကြတယ်။ ဂူပေါက်တွေ ကနေ ရတနာမုဆိုးတွေဝင်သွားတတ်ကြသလို 
ပြန်ထွက်နိုင်သူလဲမရှိတော့ ၀င်ရဲသူမရှိဘူးလို့ဆိုတယ်။အခု ပြည်တွှုင်း ခရီးသွားကုမဏ္ဍီတချို့နဲ့
နိုင်ငံခြားကုမဏ္ဍီတွေက မိန်မလာတောင်ကို ခရီးသွားဆွဲဆောင်ရာ နေရာတစ်ခုအဖြစ်
စိတ်ဝင်စားလာကြတယ်။

သံဖြူဇရပ်မြို့ကတော့ သမိုင်းဝင်သေမင်းတမန်ရထားလမ်း ၊
ပုံပြင်ဆန်လှတဲ့မိန်မလာတောင်နဲ့ ဧည့်သည်တွေကို ဆွဲဆောင်နိုင်နေပြီ
ဖြစ်တယ်။ 
.
.
.
.
.
>မွန်တို့ဌာနေ ရာမည< စာမျက်နှာ မှ ကူးယူထားပါသည်။

Myanmar-English Dictionary

မြန်မာစာအဖွဲ့ မှ ထုတ်ဝေထားတဲ့
Myanmar-English Dictionary

Download Link - http://pc.cd/eB0ctalK  54.5MB

Adobe Pagemaker 7.0

DTP လုပ်ငန်းသမားများအတွက်  ဟောင်းနေပေမယ့် ကောင်းနေဆဲ အသုံးပြုနေရဆဲဖြစ်တဲ့ Adobe Pagemaker 7.0  အသုံးပြုပုံစာအုပ်နှင့်တကွ ထည့်ပေးထားပါတယ်။

Download Link (Software) - http://pc.cd/Lu0ctalK  116 MB
Download Link (Ebook)- http://pc.cd/2f0ctalK  6 MB

Monday, January 25, 2016

ထိုင်း-မြန်မာ မီးရထားလမ်း ကိုယ်တွေ့ချွေးတပ်မှတ်တမ်း- လင်းယုန်သစ်လွင်

ထိုင်း-မြန်မာ မီးရထားလမ်း ကိုယ်တွေ့ချွေးတပ်မှတ်တမ်း- လင်းယုန်သစ်လွင်


ထိုင်း-မြန်မာ သေမင်းတမန်မီးရထားလမ်းကို ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့မှ ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်ထိ ဖောက်လုပ်စေခဲ့ပြီး
သံဖြူဇရပ်မြို့ မှ ထိုင်းနိုင်ငံ ဘန်ပေါင်မြို့ထိ မိုင်ပေါင်း ၁၇၅ မိုင် ရှိသည်။
မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ ချွေးတပ်သားပေါင်း ၈၀၀၀၀ ကျော်သေဆုံးခဲ့ရပြီး။ စစ်သုံ့ပန်း ၁၃၅၀၀ ထက်မနည်း သေဆုံးခဲ့ကြသည်။

မွန်သူဋ္ဌေးကြီး ဦးနာအောက် - မောင်ဝမ်ဆန်း(သံဖြူဇရပ်)

မောင်ဝမ်ဆန်း(သံဖြူဇရပ်) ၁၉၈၉ခုနှစ်တွင် ရေးသားထုတ်ဝေခဲ့သော မွန်သူဋ္ဌေးကြီး ဦးနာအောက် အကြောင်း စာအုပ် 

Download Link- http://pc.cd/uaEitalK 8 MB