Friday, February 5, 2016

သံဖြူဇရပ်မြို့




၁၉၄၂-၄၅ခုနှစ် စစ်ဘေးဒဏ်မခံရမီ လွန်ခဲ့သောနှစ်ပေါင်း(၇၀)ခန့်က ဤနေရာဤဒေသတွင်သံဖြူဇရပ် ခေါ်တွင်မည့် ဇရပ်ဖြူရွာလေး သတ်သတ်မှတ်မှတ်မရှိသေးသော်လည်း ရိုးသားလှသည့်မွန်လူမျိုးတို့ ခရီးသွားများ နားခိုရာအကောင်းဆုံးနေရာလေးတစ်ခုဖြစ်ခဲ့ သည်ကား အမှန်ပင်။ သစ်ရိပ်တောရိပ် တောင်ရိပ်ကောင်း၍ ရေလည်းကောင်းစွာရသဖြင့်နားနေသူများအတွက် အဆင်ပြေလှသည့်နေရာလေး ဖြစ်သည်။


မုတ္တမ(၃၂)မြို့စာရင်းဝင် ဝါခရူမြို့ဟောင်းရွာသားမွန်လူမျိုး ဦးဖြူဆိုသူနှင့်ဇနီးမောင်နှံတို့သည် ထိုနေရာတွင် လူအများနားခိုရရန် ကွန်းခိုဇရပ်ငယ်တစ်ခုကို စတင်သန္ဓေတည်မွေးဖွားပေးခဲ့သည်။ နောက် ဦးမျိုးနှင့်ဒေါ်မွန် တို့၏သမီးဖြစ်သူ ဒေါ်ယွတ်(မဂီယုတ်)တို့က မိဘတို့၏ လက်ငုတ်လက်ရာ အဆိုပါဇရပ်ငယ်ကို ဆက်လက်ပြုပြင်သည်။


အဆိုပါမိသားစုကပင် မော်လမြိုင်သွားသည့်ကုန်သည်သည်များထံမှ သွပ်များဝယ်ယူပြီး၊ သွပ်မိုး ပြုပြင်ရာတွင် ဇရပ်ကလေးနှင့်အတူ ခရီးသွားများသောက်သုံးနိုင်ရန် ဖွားဘက်တော်ရေတွင်းတစ်တွင်းကိုပါ တူးဖေါ်၍ဒါနပြုခဲ့လေသည်။ အဆိုပါသွပ်မိုးဇရပ်ကလေး ကိုနေရောင်ဟပ်သည့်အခါ အဝေးမှကြည့်လျှင် ဖွေးဖွေးဖြူနေသဖြင့် ယင်းကိုအစွဲပြုပြီး ဖွေးဖွေးဖြူနေသောဇရပ်၊သံဖြူမိုးဇရပ် စသည်စသည်ဖြင့် သတ်မှတ်ခေါ်ရာမှ သံဖြူဇရပ်ဟူ၍ ဖြစ်ပေါ်လာကြောင်းသိရပေသည်။ အချို့က ဇရပ်ကလေးစတည်သူ ဦးဖြူကို အကြောင်းပြု၍ ဦးဖြူဇရပ်၊ မွန်လို ဇော့ဗု (ဇြပ်ဗု)ခေါ်ဆိုရာမှ သံဖြူဇရပ်ဖြစ် လာသည်ဟုဆိုပေသည်။


၁၉၂၅ခုနှစ်သို့ရောက်ရှိသည့်အခါ ရာဘာပလန်တေးရှင်မန်နေဂျာ မစ္စတာစိန်ဂျွန်းဆိုသူက သူ၏အလုပ် သမားများ ခရီးတစ်ထောက်နားခိုရန် အလို့ငှါအဆိုပါဇရပ်ကလေးအောက်ခြေတွင် ရေအိုးစင်နှင့်အုတ်ခုံလေးပါ ပြုလုပ်ပေးလေသည်။ နားနေရန်ရေအိုးစင်နှင့် အုတ်ခုံလေးပြီးစီးသည့်အခါ မစ္စတာစိန်ဂျွန်းသည် မူလဇရပ်ပိုင်ရှင် တို့အားမေးမြန်းပြီး အုတ်ခုံအောက်ပိုင်းတွင် (ခရစ်နှစ် ၁၈၇၄)ဟူ၍ရေးထိုးခဲ့သည်ဟု စစ်ကြိုခေတ်၊စစ်ပြီးခေတ်ကိုကောင်းစွာမီလာသည့် ရှေ့မီနောက်မီအရည်အသွေးမီ သက်ရှိထင်ရှား ပုဂ္ဂိုလ်တစ်ဦး၏ပြောဆိုချက်အရ သိရှိရ ပေသည်။
လမ်းစဉ်ပါတီခေတ်၊ ၁၉၇၃၊ နိုဝင်ဘာလတွင် တိုင်းမှူးအစီအစဉ်ဖြင့် ဂျာမန်ဘူမိဗေဒပါရဂူများ သံဖြူဇရပ်ဒေသသို့ မော့ပလော့ သတ္တုမိုင်းဟောင်းကို ဆက်လက်လုပ်ကိုင်လျှင် စီးပွားရေးတွက်ခြေကိုက် မကိုက်လာရောက်လေ့လာစဉ် ဒုတိယကမ္ဘာစစ်အတွင်းက သမိုင်းဝင်ဇရပ်ကလေးကို တွေ့မြင်လိုသည် ဟူသောအကြောင်းကြောင့် ယခင်ဈေးဟောင်းအစပ်နှင့်မီးသတ်၊ ဒေါ်ဝိုင်းဇရပ်၊ လ္ဘက်ရည် ဆိုင်တန်းများကြား တိမ်မြုပ်ပျောက်ကွယ်ပျက်စီးလုနီးနီးဖြစ်နေသည့်(ဇရပ်ကလေး)ကို ပြန်လည်ဖော်ထုတ်ရာမှ အဆိုပါ (ခရစ်နှစ်-၁၈၇၄)ကို အမှတ်ထင်ထင်တွေ့ရှိခဲ့ခြင်းဖြစ်လေသည်။


ယင်းခုနှစ်-၁၈၇၄ကို အခိုင်အမာပြု၍ သံဖြူဇရပ်သည် ၁၉၇၄ ခုနှစ်တွင် နှစ်(၁၀ဝ)ပြည့်ခဲ့ပြီးဖြစ်၍ (သံဖြူဇရပ်နှစ်တစ်ရာပြည့်ပွဲတော်)ကြီးကို ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလတွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပြီး ဖြစ်လေသည်။ ယင်းကိုတစ်နည်းအားဖြင့်ဆိုလျှင်သမိုင်းဝင်ဇရပ်ဖြူကလေး နှစ်(၁၀ဝ)ပြည့်အထိမ်းအမှတ်ပွဲ ဟုခေါ်ဆိုကခေါ်ဆိုနိုင်မည်ဖြစ်ပေသည်။


၁၉၆၄ ခု၊ ဇွန်လ၊ (၁၀)ရက်တွင် သံဖြူဇရပ်ကိုမြို့အဖြစ် သတ်မှတ်ပေးခဲ့ရာ မြို့သက်တမ်း နုသေးသော်လည်း၊ ယခုအခါအရှိန်အဟုန်ပြင်းစွာ တိုးတက်စည်ကားလာသည်မှာပြောမယုံအောင်ကြုံကြိုက် ရောက်ဖူးသူများသိကြလိမ့်မည်အမှန်ဖြစ်ပေသည်။


မြို့ပြတည်နေပုံသည်ဝါခရူမြို့ဟောင်းတွင် အခြေပြုသည်မှာ သံဖြူဇရပ်(ခေါပငံ)ချောင်းရိုးမြို့ကို မြို့လယ်မှလည်းကောင်း မြို့ကို ဝိုင်းပတ်ဖြတ်သန်း၍လည်းကောင်း ဝါခရူမြစ်အဖြစ် စီးဆင်းကာ (မုတ္တမပင်လယ်ကွေ့)ထဲသို့စီးဝင်သည်။ တစ်နည်းဆိုရသော် သံဖြူဇရပ်သည် ဝါခရူမြို့ဟောင်းနှင့် ကမွန်းချောင်းရိုးတစ်ခုသာခြားလျက် တည်နေသည်ဖြစ်ရာလွန်ခဲ့သော ရာစုနှစ်များစွာက စည်ကားထင်ရှား ခဲ့သောဝါခရူမြို့ဟောင်း၏အစိတ်အပိုင်းတစ်ခုအပါအဝင်ဖြစ်သည်ဟုဆိုကဆိုနိုင်ပေသည်။


ပထဝီအနေအထားအရလည်း မြို့တည်ရာဗဟိုချက်မှာ အောက်သို့နိမ့်ဆင်းချိုင့်ဝင်လျှက်ရှိရာ မြောက်ဘက်ယခင် ခလရ-၃၁တပ် ကုန်းနေရာ ရှေးကလှေဆိပ်ကြီးများဖြစ်ခဲ့ဘူးသည်ဟု ဆိုနိုင်လောက်သည့် အထောက်အထားများရှိလေသည်။ တပ်တည်စဉ်ပါဝင်လုပ်ကိုင်ဖူးသည့် ရှေ့မီ နောက်မီပုဂ္ဂိုလ်တို့ကလှေချည်တိုင်ငုတ်များ၊ ကျောက်ဆူးများ၊ လှေချည်ကြိုးထုံးများတူဖေါ်ရရှိကြသည် ဟုဆိုပါသည်။


ထို့အတူဝါခရူမြို့သည်လည်း ရှေးကသုဝဏ္ဏဘုမ္မိကောင်းစားစဉ်ခေတ်ကကုန်လှေကြီးများဝင်ထွက် သွားလာဖူးသော ဆိပ်ကမ်းကြီးရှိခဲ့ဖူးရာ သံဖြူဇရပ်နှင့်ချောင်းရိုးတစ်ဆက်တစ်စပ်တည်းဖြစ်နေခြင်းစသည့် အထောက်အထားများအရလွန်ခဲ့သည့်နှစ်ပေါင်းများစွာက တိမ်ကောပျောက်ကွယ်ခဲ့ပြီးဖြစ်သော ဝါခရူ မြို့ဟောင်းတွင် သံဖြူဇရပ်သည်ခေတ်သစ်ဝါခရူမြို့ပြအဖြစ် ခေါ်ဆိုမှတ်ယူမည်ဆိုလျှင် ယနေ့လူတို့ မည်သို့ခံယူ တုံ့ပြန်ကြမည်မသိ။


မည်သို့ဆိုစေ၊ ဝါခရူမြို့ဟောင်းသားကြီးများစတင်ပျိုးထောင်လာသည့်ဇရပ်ဖြူရွာကလေးတစ်ဖြစ်လဲ သံဖြူဇရပ်မြို့သည်ကား ရှေ့ဟောင်းဝါခရူမြို့ပြနှင့်တစ်ကြောင်းမဟုတ်တစ်ကြောင်း ပတ်သက်ဆက်နွယ် နေမည် ဆိုလျှင် မည်သူမျှငြင်းချက်ထုတ်နိုင်မည်မဟုတ်ချေ။


နယ်နိမိတ်မှာ အရှေ့ဘက်-ကြာအင်းဆိပ်ကြီး၊ အနောက်ဘက်-မုတ္တမကွေ့၊ တောင်ဘက်-ရေးမြို့နယ်၊ မြောက်ဘက်-မုဒုံမြို့နယ်အထိတည်ရှိပြီး၊ တောင်မှမြောက်သို့(၃၃)မိုင်ရှည်၍ အရှေ့မှ အနောက်(၁၇)မိုင်ရှည်သည်။ ဧရိယာစတုရန်းမိုင်အားဖြင့်(၃၁၈ စတုရန်းမိုင်)မျှကျယ်ဝန်းလေသည်။

တနင်္သာရီရိုးမတောင်တန်းကြီးသည် မြို့၏အရှေ့ဘက် တောင်ညိုတောင်တန်းအမည်ဖြင့် ကာဆီး လွှမ်းမိုးထားပြီး၊ ထူးခြားချက်မှာ မြန်မာနိုင်ငံရှိ တောင်စဉ်စုဖြစ်စဉ်ကဲ့သို့ အချို့သောတောင်စွယ် တောင်တန်းများ မှာ တောင်မြောက်တန်းနေခြင်းမဟုတ်ဘဲ၊ ဆင်တောင်၊ မှိန်ဗလာတောင်၊ ရေစက်တောင်၊ ဝါခရူတောင်တို့မှာ အရှေ့မှအနောက်သို့ ထူးဆန်းစွာသွယ်တန်းနေသည်ကို အံ့ဩဖွယ်တွေ့ရှိနိုင်ပေသည်။


ပထဝီအနေအထားအရ သံဖြူဇရပ်သည် လွှာတွန့်တောင်တန်းချိုင့်ဝှမ်းများ၌ပါဝင်သဖြင့် ပင်လယ်ရေ မျက်နှာပြင် အမြင့်ပေ(၈၀မှ၁၀ဝ)အတွင်းတည်ရှိသောကြောင့် နိမ့်သောကုန်းပြင်မြင့်တစ်ခုဖြစ်ပြီး မြို့၏ဗဟိုချက် မှာ ဒယ်အိုးသဏ္ဍာန်ရှိပေသည်။ တစ်ချိန်ကပင်လယ်ကမ်းခြေ မြေနုလွင်ပြင်ကြီးဖြစ်ခဲ့ဖူးသည့် သံဖြူဇရပ်သည် ချောင်းရိုး၊ မြောင်းရိုး၊ စမ်းရိုးများ များပြားလှပြီး ယခုအခါ တဖြည်းဖြည်းတိမ်ကောခဲ့သည်။
အပန်းဖြေစရာစက်စဲကမ်းခြေ၊ သမိုင်းဝင်ဆံတော်ရှင်ကျိုက္ခမီရေလယ်ဘုရား၊ ဆံတော်တောင်စေတီ၊ အင်ကြင်းတောင်စေတီ၊ မြို့တော်ဦးစေတီများအပြင် ဂျပန်ရန်ပြေမာန်ပြေဘုရား၊ ဝဲကလီရေပူစခန်း၊ ရှေးမြို့ဟောင်း ဝါခရူ၊ မဟာမိတ်စစ်သင်းချိုင်းစသည်တို့မှာ ရပ်ဝေးဧည့်သည်များနားနေလည်ပတ်ရာ၊ ကုသိုလ်ယူရာ၊ သံဝေဂယူရာ အထင်ကရနေရာဌာနများဖြစ်လေသည်။


ကြက်ပေါင်စေး(ခေါ်)ရာဘာပင်များဖြစ်ထွန်းရာ မြေသားထူကာရေနုတ်ကောင်းသော ဂဝံမြေသားများ ဖြစ်၍ သံဖြူဇရပ်သည် မြန်မာနိုင်ငံတွင် ရာဘာအထွက်ဆုံးသော ဒေသတစ်ခုဖြစ်သည်။ မွန်ပြည်နယ်တွင် ဆားအထွက်ဆုံးသော ဒေသတစ်ခုဖြစ်သလို၊ ငါးပိငါးခြောက်၊ ငါးပုဇွန်ရေလုပ်ငန်းလည်းထင်ရှားလေသည်။


သစ်သီးသစ်နှံပေါများပြီး တောင်ခြေတောင်ကုန်းများမှထွက်သော ဒူးရင်းသီးမှာ အလွန်အရသာရှိပြီး နာမည် ကြီးလှသည်။





သို့သော်တစ်ချိန်တခါက သေမင်းတမန်လမ်းချွေးတပ်စခန်း၏ အနိဌာရုံများကား မိမိတို့အား ယနေ့ တိုင်ချောက်လှန့်နေဆဲဖြစ်ရာ၊ ထိုစဉ်ကတုန်လှုပ်ချောက်ချားဘွယ်အဖြစ်အပျက်များက မိမိတို့အား တဖန်ပြန် လည်ကာ သတိတရအမှတ်ရနေဆဲဖြစ်စေသည်။


သံဖြူဇရပ်သည် ထိုရောအခါက မီးရထားလမ်းဖောက်လုပ်ရန်အတွက် မြန်မာနိုင်ငံအရပ်ရပ်မှ အတင်း အဓမ္မဖမ်းဆီးခေါ်ဆောင်ရာ ဗဟိုစခန်းကြီးတစ်ခုဖြစ်လေသည်။ အမှန်တကယ်တမ်းချွေးတပ်သားများ သေသေ ကြေကြေအလုပ်လုပ်ကြရသည်မှာ သံဖြူဇရပ်၌မဟုတ်။ ငှက်ဖျားရောဂါထူးပြောလှသည့် တောတောင်ရှိုမြောင် စိမ့်စမ်းအတွင်းစခန်းများ၌ ဖြစ်လေသည်။
ကျောက်တစ်လုံးစခန်း၊ တပ်ဒိန်စခန်း၊ အပလုံစခန်း၊ ခုနှစ်ခွေစခန်း၊ အနန်းကွင်းစခန်း၊ ဘုရားသုံးဆူ စခန်းစသော ချွေးတပ်စခန်းများမှာ လွန်စွာကြမ်းတမ်းခါးသီးသော စခန်းကြီးများဖြစ်သည်။




ယင်းတို့အနက်(တပ်ဒိန်စခန်း)မှာ အဆိုးရွားဆုံး၊ ရက်စက်ဆုံးစခန်းဖြစ်သည်ဟုဆိုသည်။ အဘယ် မျှပင် ကြံ့ခိုင်သော ခန္ဓာကိုယ်ဖြစ်စေအဆိုပါစခန်းသို့ရောက်ရှိသွားသည့်အခါ ရက်ပိုင်းအတွင်းပိန်ချုံးချိနဲ့သွား ရတော့၏။ ထိုမှတစ်လနှစ်လအတွင်းရောက်ရှိလျှင် ချွေးတပ်သားမှာအရိုးပေါ်အရေတင်လျက်နားထင် နားရင်းများ၊ မျက်ကွင်းများချိုင့်ခွက်ဟောက်ပက်ဖြစ်လာကာအရိုးပြိုင်ပြိုင်ပေါ်လာတော့သည်။
ထိုမှဖက်ခွက်နာစသော ရောဂါဝေဒနာဆိုးများဖြစ်ပေါ်ပြီး တစ်ကိုယ်လုံးညှိစော်နံ၊ ပုပ်စော်နံလာကြောင်း ထိုစဉ်က ကိုယ်တိုင်ကိုယ်ကျတွေ့ကြုံခဲ့ရသူဆရာလင်းယုံသစ်လွင်က သူ၏ချွေးတပ်မှတ်တမ်း၌ ဖော်ပြထား သည်မှာ ကြေကွဲဆိုးနစ်ဘွယ်ဖြစ်ပေသည်။
ထိုအခြေအနေတွင် ချွေးတပ်သားများအဖို့ကုစရာဆေးဝါးမရှိ၊ စားစရာလည်းမရှိ။ ဝတ်စရာဟူ၍လည်း ဗလာနတ္ထိ။ သေဆုံးသည့်အခါလည်း သရဏဂုံတင်ပေးမည့်သူမရှိသလို မြှပ်နှံပေးမည့်သူလည်းမရှိပေ။


မြန်မာနိုင်ငံဒေသအနှံ့အပြားမှ အိမ်သူအိမ်သားများမသိ၊ မိခင်ဖခင်မသိ၊ ထွန်တုံးပေါ်၊ လယ်ကွင်းပေါ် လယ်ထွန်ရင်းခြံလုပ်ရင်းမှ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည်ဖြစ်ရာ၊ သေဆုံးသည့်တိုင် ထိုသူတို့မှာ မည်သူ မည်ဝါဖြစ်သည်ဟူ၍မသိတော့။
တစ်ချိန်သောအခါက ဇရပ်ဖြူနာမရွာဂါမ၏ချွေးတပ်စခန်း၊ သေမင်းတမန်လမ်းပေါ်မှ ဆိုးရွာ ခါးသီးလှသော သမိုင်းဝင်အဖြစ်သနစ်များကား မိမိတို့အဖို့ကမ္ဘာကျေသော်လည်း ဥဒါန်းကျေမည် မဟုတ်သဖြင့် ဤကမ္ဘာမြေပေါ်ဝယ်ထိုထိုသော အဖြစ်မျိုးနောက်ထပ်တဖန် မပေါ်ပေါက်ပါစေသား ဟု ဝါခရူမြို့ဟောင်း ကိုယ်ပွား၊ ခေတ်သစ်သံဖြူဇရပ်သားတို့က အဓိဋ္ဌာန်ပြုသစ္စာဆိုရန်မှ တစ်ပါးအခြားမရှိလေ တကား။







နန္ဒာမောင်(သံဖြူဇရပ်)
စာကိုးစာရင်း/-
၁။ သံဖြူဇရပ်ရာပြည့်မဂ္ဂဇင်း၊ ၁၃၃၆-နတ်တော်လ။
၂။ သံဖြူဇရပ်မြို့နယ်ဖြစ်စဉ်မှတ်တမ်း(၁၉၈၃-ခု)။
၃။ လင်းယုန်သစ်လွင်၏ ချွေးတပ်မှတ်တမ်း။
၎။ မြန်မာပညာရှိဦးပညာရေး-မုတ္တမရာဇဝင်။
၅။ ဘားမားဂေဇက်တီးယား(ကျိုက္ခမီခရိုင်)။


(အထက(၁)ရွှေရတုမဂ္ဂဇင်းမှ ကောက်နုတ်ချက်သာဖြစ်သည်)